ဘယ်လို အခြေအနေမျိုးမှာ သွားတုတပ်ဖို့ လိုအပ်မလဲ
သာမာန်သွားကျန်းမာနေတဲ့ လူတစ်ယောက်အနေနဲ့ သွားတုစိုက်ဖို့ ဘယ်လိုမှ တွေးမိမှာမဟုတ်ပါဘူး။ တစ်ချို့လူတွေမှာဆိုရင် သွားတုလဲလှယ်တပ်ဆင်ဖို့လိုအပ်နေပေမယ့် ဒီလိုပြုလုပ်ဖို့ လိုအပ်နေတယ်ဆိုတာကို မသိတာကြောင့် သွားတုတပ်ဆင်တာမျိုး မပြုလုပ်ပဲ နေထိုင်ရှင်သန်နေကြသူတွေလည်း အများကြီးပါပဲ။
များသောအားဖြင့် သွားတုဆိုတာ အသက်အရွယ်ကြီးရင့်လာလို့ သွားတွေ ယိုယွင်းလာချိန်ကျမှ အံကပ်လေးတပ်လိုက်တာမျိုးလို့ပဲ ယူဆကြတာများပါတယ်။ တကယ်တမ်းအားဖြင့်တော့ သွားတုတွေက အမျိုးအစား အမျိုးမျိုးရှိကြသလို အသုံးဝင်ပုံကလည်း အမျိုးမျိုးပါပဲ။
အကြမ်းဖျဉ်းအားဖြင့် သွားတု ၄ မျိုးရှိပါတယ်။ သွားအသေစိုက်ခြင်း (Dental Bridge) ၊ အံကပ် (သို့) သွားအရှင်စိုက်ခြင်း (Denture) ၊ သွားအမြစ်တုစိုက်ခြင်း (Dental Implant) နဲ့ Dental Veers တို့ပါပဲ။ ဒီဟာတွေမှာလည်း သက်ဆိုင်ရာ အမျိုးအစားအလိုက် အမျိုးအစားတွေ ထပ်ကွဲပြားပါသေးတယ်။
၁။ သွားသေစိုက်တာမှာ သုံးတဲ့ သွားတု
သွားသေစိုက်တာမှာ သုံးတဲ့ သွားတုတွေမှာ
- Traditional dental bridge
- Cantilever dental bridge
- Maryland dental bridge နဲ့
- Implant-supported bridge ဆိုပြီး အမျိုးအစား ၄ မျိုး ကွဲပြားပါတယ်။
၂။ သွားအရှင်မှာ သုံးတဲ့ အံကပ် -
အံကပ်တွေမှာတော့
- Full dentures
- Partial dentures
- Immediate dentures
- Implant-retained dentures
- Implant-supported dentures ဆိုပြီး အမျိုးအစား အမျိုးမျိုး ရှိပါတယ်။
၃။ Implants – Implants ကတော့ အရိုးထဲကို တိုင်စိုက်တဲ့ Implats နဲ့ အပေါ်ကသွားတုတို့ကို ဆိုလိုတာပါ။ ဒီမှာလည်း အမျိုးအစား အမျိုးမျိုးရှိပါတယ်။ အခြေခံအားဖြင့်ကတော့
- Single-tooth implant
- Multiple-tooth implant
- Full-mouth implant ဆိုပြီး ၃ ခု ရှိပါတယ်။
ဒီနေရာမှာလည်း စိုက်တဲ့ပုံစံပေါ်မူတည်ပြီး Endosteal implants နဲ့ Subperiosteal implants ဆိုပြီး ထပ်မံကွဲပြားသေးတာကို သိထားသင့်ပါတယ်။
၄။ Dental Veers - အလှအပပိုင်းဖြစ်တဲ့ သွားပဲ့တာ ကျဲတာမှာ ပြင်တဲ့ Dental Veers တွေလည်း ရှိပါသေးတယ်။ Dental Veers မှာတော့
- Composite veneers
- Porcelain veneers
- No-prep veneers
- Removable veneers ဆိုပြီး ပုံစံကွဲတွေ ရှိနေပါတယ်။
သွားတုတွေက ဒီလိုမျိုး အမျိုးအစား အမျိုးမျိုးကွဲပြားသလို လိုအပ်တဲ့ အခြေအနေတွေလည်း မတူညီကြပါဘူး။ သွားပျက်စီးသွားမှ၊ အိုမင်းရင့်ရော်လာမှ သွားတုလိုအပ်တာမျိုးလို့ တရားသေမှတ်ယူထားလို့ မရပါဘူး။ မိတ်ဆွေတို့အနေနဲ့ အောက်ပါအခြေအနေတွေမှာ သွားတုတပ်ဖို့ စဉ်းစားသင့်ပါတယ်။ အလှအပအတွက် လိုအပ်တဲ့ အခြေအနေမျိုးနဲ့ ကျန်းမာရေး အခြေအနေအရ လိုအပ်တဲ့ အခြေအနေမျိုးတွေမှာ သွားတုတပ်ဆင်ဖို့ သင့်ပါတယ်။
အလှအပပိုင်းမှာဆိုရင်တော့ လှပတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်နိုင်ဖို့ လိုအပ်နေချိန်မျိုး၊ သွားမညီတာ၊ သွားကျဲတာ၊ သွားကျိုး၊ သွားပဲ့၊ သွားယိုင်နဲ့နေတာမျိုးတွေကို ပြင်ဆင်ရမယ့် အခြေအနေမျိုးတွေပေါ့။
ကျန်းမာရေးအပိုင်းမှာဆိုရင်တော့ အစာကို ကြေညက်စွာ ဝါးဖို့ ခက်ခဲနေချိန်မျိုး၊ ဘေးသွားတွေ မယိုင်မနဲ့ဖို့ လိုအပ်နေချိန်မျိုး၊ အပေါ်နှင့်အောက်သွားတွေ မရှည်ကျလာဖို့ လိုအပ်နေချိန်မျိုး သွားတု အံကပ်နဲ့ အဆင်မပြေတော့တဲ့အခါမျိုး၊ သွားကျိုး-သွားကျဲ-သွားတည်နေရာမမှန်တာကြောင့် စကားပြောဆိုရ အဆင်မပြေနေချိန်မျိုးတွေမှာ သွားတုစိုက်ဖို့ စဉ်းစားသင့်ပါတယ်။
ကဲ ခုပြောပြပေးခဲ့တာကတော့ သွားတုအမျိုးအစားတွေနဲ့ သွားတုစိုက်ဖို့ လိုအပ်နိုင်တဲ့ အခြေအနေလေးတွေကို ဗဟုသုတအနေနနဲ့ ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။
ရဲဇွန်အောင်